မန္တလေးတိုင်း ၊ အမရပူရမြို့၊ နန်းတော်ရာရပ်
ပတ္တမြားရိပ်သာ
(ပဓာန နာယက ၊ အာဒိကမ္မိက ၊ ကမ္မဋ္ဌာနာစရိယ )
ကျေးဇူးတော်ရှင် ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ် ၏
ဖြစ်တော်စဉ် ထေရုပ္ပတ္တိ မော်ကွန်း
“ နမော ဗုဒ္ဓါယ သိဒ္ဓံ ”
ဇာနည်ယောက်ျား၊ အလွန်ရှား၏ ၊ များပြားနေရာ ၊
မဖြစ်ပါဘဲ၊ ဖြစ်လာပြန်မူ၊ ထိုသူဖြစ်ရာ၊
ရပ်ရွာအမျိုး၊ ချမ်းသာတိုး၏။
(မမ္မပါဒ)
ဇာနည်ယောက်ျား ရှာမှရှား
အာဇာနည်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့နှင့် ပတ်သတ်၍
ဗုဒ္ဓရှင်တော်မြတ် ကိုယ်တော်တိုင် “ဒုလ္လဘောပုရိသာဇညော၊ နသော သဗ္ဗတ္ထဇာယတိ” ဟူ၍
ဓမ္မပါဒပါဠိတော်၌ ဟောတော်မူခဲ့ပါသည်။ “ မတစ်ထောင်တွင်၊ ထင်ထင်တစ်ယောက်၊ ဖွားမြောက်နိုင်ရာ”ဟူသည့်စကားအတိုင်း
မတစ်ထောင်တစ်ကောင်ဘွား “အာဇာနေယျ ပုဂ္ဂလ၀ိသေသ” ထူးခြားသော ( အာဇာနည် ပုဂ္ဂိုလ်ထူး ) အာဇာနည်
ယောက်ျားမည်သည် လွန်စွာရခဲ၏။ အလွန်တရာပင်ရခဲလှ၍ ထိုအာဇာနည်ယောက်ျားမျိုးသည်ကား တိုင်းပြည်တိုင်း
မြို့တိုင်းတွင်ဖြစ်၍ ရွာတိုင်းတွင် ပေါ်လေ့ရှိသည်မဟုတ်၊ ရှားပါးဘိခြင်း။ ဥပမာဆိုရသော်
စန္ဒကူးညှာရွှေကို တောတိုင်းတွင်ရှာဖွေ၍မရသလိုပါတည်း။ အာဇာနည်ပုဂ္ဂိုလ်ထူးဆိုသည်မှာ လွန်စွာရခဲ၏။
နေရာတကာတွင် ဖြစ်ပေါ်၍ မလာဘဲ ဖြစ်ပေါ်လာသော အမျိုးနေရာတို့ ၌လည်း ဘေးရန်ကင်းပ အေးမြချမ်းသာ
ကောင်းကျိုးလက်ဝေ ဂုဏ်ကျက်သရေ တိုးတက်တန်ခိုးထွက်ရသည်ဟု ဆိုမိန့် ရှိပါသည်။
ပုဂ္ဂိုလ်ထူးမြတ် သိအပ်စေရာ
“ပုရိသ၀ိသေသောနာမ ဥာတဗ္ဗော” ဟူ၍လည်းကောင်း ၊ “ ပုဂ္ဂလသိသေသော ဇာနိတဗ္ဗော”
ဟူ၍လည်းကောင်း၊ အဋ္ဌကထာမိန့်မှာချက်အရ ဤကမ္ဘာလောကတွင် ပေါ်လွင်ထင်ရှား လွန်ကျော်ကြား၍ထူးချွန်သော
အာဇာနည်ယောက်ျား ပုဂ္ဂိုလ်တို့၏ အကြောင်းခြင်းရာအဖြာဖြာ တို့ကို နောင်လာနောက်သား မျိုးဆက်သစ်များ
အတုယူကာ လိုက်နာကျင့်သုံးနိုင်ရန်အတွက် “ အပ် , သင့် , လို , ထိုက် ၊ နက်ဆိုက်လည်းကောင်း
၊ ကောင်း, ရမည်, လေ, နက်သတ္တေ ၊ ထွန်းလေတဗ္ဗပစ္စည်းအနက်တည်း ” ဟူသော နိယံအရ- သိအပ်၏ ၊
သိသင့်၏ ၊ သိလို၏ ၊ သိထိုက်၏ ၊ သိကောင်း၏ ၊ သိရမည်။ သိလေဟူသကဲ့သို့ သိသင့်သိထိုက်သည်
အားလျော်စွာ အကျယ်မဟုတ် အကျဉ်းချုပ်၍ုလင်းတုတ်ပူဇော်ရပေမည်။
သာသနာတော်၌ နေလိုလလိုထင်ရှားလှသည့် ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလန်၊
ရှင်ပုဏ္ဏ ၊ ရှင်မဟာကဿပ၊ ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ ၀ိသာခါ၊ အနာထပိဏ် စသော အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့၏ ဘ၀ဖြစ်စဉ် မေတ္တာပြည့်လျှံ ပုံရိပ်မှန်ဘ၀ဖြစ်ရပ်ထူးခြားချက်များကို
မှတ်တမ်းတင်ထားခဲ့သဖြင့် ယနေ့တိုင် သိနေရ၏ ။ စေတနာ သဒ္ဓါတရားတိုးပွားခွင့်ရ၏ ။ အတုယူအားကျဖွယ်ရာ
လမ်းညွှန်ရှေ့ဆောင်များအဖြစ် နည်းယူခွင့်ကြည်ညိုခွင့်ရနေကြ၏ ။ ထို့ကြောင့် ကျေးဇူးတော်ရှင်
ပတ္တမြားရိပ်သာ ဆရာတော် ဘုရားကြီး ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်၏ ဘ၀ဖြစ်စဉ် တစ်စိတ်တစ်ဒေသ
ကိုလည်း အကျဉ်းချုပ် လင်းထုတ်၍ ပူဇော်လိုပါသည် ။ဂန္ဓ
မိမိမွေးဖွားရာ ကျွန်းချောင်းကျေးရွာနှင့် ရှင်ရဟန်းအဖြစ်မွေးထုတ်ပေးခဲ့သော ရွာဦးကျောင်းကို ကျေးဇူးဆပ်သောအားဖြင့် ဆရာတော်ဘုရားကြီး လှူဒါန်းခဲ့သော ပတ္တမြားစေတီတော် (ဓါတ်ပုံ-အရှင်မဏ္ဍလ)
မွေးရပ်ဌာနေ ဇာတိမြေ
ပတ္တမြားရိပ်သာဆရာတော်လောင်းလျာကို ပဲခူးတိုင်း၊ ကျောက်တံခါးမြို့
နယ်၊ ကျွန်းချောင်းရွာနေ သဒ္ဓါသီလ စသည်များစွာ သူတော်ဥစ္စာ ခုနစ်ဖြာတရား လက်ကိုင် ထား၍
သမ္မာအာဇီ ကျင့်ဝသီဖြင့် ရွှင်ကြည်မျှော်တွေး အသက်မွေးလျက်ရှိကြကုန်သော ခမည်းတော် ဦးဖိုးချစ်+မယ်တော်ဒေါ်စိန်တို့မှ“ရတနာမျိုး
ရွှေအိုးပဒေသာ ပေါ်ပေါက်လာ သည့်ပမာ ” ကောဇာသက္ကရာဇ် ၁၂၈၇ ခုနှစ်၊ ပြာသိုလဆန်း (၁၂) ရက်၊
သောကြာနေ့ နံနက် (၄) နာရီအချိန်ခါ မင်္ဂလာတွင် မကြုံဥပဒ် မကပ်အန္တရာယ် ရန်မျိုးပယ်လျက်
အေးမြကြည်လင် သတိသမ္ပဇဉ် နှင့် ဇာနည်လောင်းလျာ သားဦးရတနာကို မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့သည်။
“အတိဇာတ ” သားမြတ်ရတနာ ငယ်နာမည်မှာ “ မောင်သိန်းမောင် ” ဖြစ်ပါသည် ။
အသိအလိမ္မာ ဥာဏ်ပညာနှင့် ပြည့်စုံကြကုန်သော မိဘတို့သည် အဘ
ထက်မြတ်သော သားကိုလည်းကောင်း၊ အဘနှင့်တူသော သားကိုလည်းကောင်း ၊ အလိုရှိကြ ကုန်၏ ။ အမျိုးအနွယ်ကို
ဖျက်ဆီးတတ်သော သားယုတ်သားမိုက်တို့ကို အလိုမရှိကြကုန်။
ခမည်းတော် ဦးဖိုးချစ် နှင့် မယ်တော် ဒေါ်စိန်တို့မှာ အတိဇာတသားရွှေ
သွေးလူကလေး၏ ချစ်စရာကောင်းလှသော ဆင်းရူပကြောင့် “ သားတို့ရုပ်ရည် ၊ သီတာမည်သား ၊ ရေကြည်ချမ်းမြ၊
တစ်ပေါက်ကျက ၊ မိဘတို့ဝမ်း ၊ ငြိမ်းစတမ်းတည်း “ ဟူသော ရှင်မဟာရဌသာရ စာဆိုအကျော် စပ်ဆိုတော်မူသည့်အတိုင်း
သားလှရွှေသွေး လူကလေးကို ကြည့်ရှုမ၀ , ဆင်သ၍မကုန် , ပီတိဟုန်ရွှင်မြူး၍ ကြည်နူးမဆုံးရှိကြလေသည်။
ရတနာမျိုး ၊ ရွှေအိုးပဒေသာ၊ ပေါ်ပေါက်လာသည့် ၊ ပမာတမျှ ၊
မောင်သားလှ ကြောင့် စသည့်ပီတိ ၊ ရှိသည့် ရိုးတွင်း ၊ခြင်ဆီချဉ်းမျှ ၊ချစ်မောလှလျက်
ဟူသော “ပုတ္တောဝါဒပျို့ ” လာသည့်အတိုင်း ဆင်းရဲငြိုငြင် ပင်ပန်းမှုမရှိ သုခေမိကဂုဏ်နှင့်
ပြည့်စုံလှပေ သည်။ ခမည်းတော် ဦးဖိုးချစ် နှင့်မယ်တော် ဒေါ်စိန် တို့မှာ ဆရာတော်လောင်း
လျာသားရတနာလေး မီးရှူးသန့်စင်ဖွားမြင်သည်မှစ၍ စီးပွားဥစ္စာရတနာတို့မှာ “ရတနာရှိရာ ရတနာလာ
” သည့်ပမာ တစ်နေ့တစ်ခြားဒီရေအလား တိုးပွားလာခဲ့သဖြင့် အလှူရေစက် လက်နှင့်မကွာ သံသရာ
ရိက္ခာထုပ်ကို ကောင်းမွန်စွာ ထုပ်နိုင်ကြလေသည်။
ဒဗ္ဗပုည၊ သမ္ဘာရနှင့် ၊ ပြည့်ဝပုတ္တာ
ဖွားမြင်လာမူ၊ နှစ်ဖြာဘမိ၊ စည်းစိမ်ရှိလျက် ၊
သီရိထွေထွေ ၊ ကျက်သရေကား၊ တက်နေပမာ
ဝေဆာစမြဲ ၊ မှန်မလွဲတည်း ။
(ရှေးစာဆို)
ပညာသင်ရန် ကျောင်းအပ်နှံ
ရုပ်ဝါရှုအီ၊ မကြီးမီက၊ ဘယ်ဆီမချွတ် ၊
ကြွင်းမလတ်အောင်၊ အတတ်ပညာ ၊ သင်အပ်ရာ၏။
(ကိုးခန်းပျို့)
အတတ်ပညာ၊ အလိမ္မာကို၊ ငယ်ခါကလျှင်၊
မသင်စေငြား ၊ မိဘများအား ၊ သား၏ရန်သူ၊
မှန်မူမချွတ် ၊ ဖြစ်တုံလတ်၏ ။
(ပေါရာဏလင်္ကာ)
ယခုငယ်က၊ ကြိုးလုံ့လ၍ ၊ သုတပညာ ၊
နေ့တိုင်းရှာလော့ ၊ ပညာမကြိုက် ၊ ပျင်းရိမိုက်မူ ၊
နောက်လိုက်ဝန်ထမ်း ၊ အလုပ်ကြမ်းတွင်၊ တွေ့လေလျှင်၏ ။
ပညာရှိမှ ၊ သူ့ ရှေ့ကျမည် ၊ မှတ်ယူလူရှင် မပျင်းတည်း ။
(လောကနီတိ ပျို့)
ဆရာတော်လောင်းလျာ ၁၂၉၅ ခုနှစ် ၊ အသက်(၈)နှစ်အရွယ်ရောက်သော်
မိဘများက “ မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ ” ဟူသော ၀တ္တရား နှင့်အညီ နှလုံးသွင်းဆင်ခြင်ကြ၍
ဆီးဖြူသျှစ်သျား၊ ဖန်ခါးသရက်၊ စဉ်လျက်မယွင်း ၊ အင်ကြင်း ထန်းတော၊ ဌက်ပျောတစ်ရပ်၊ သီးတောစပ်လျက်
၊ကျေးဌက်သာရကာ ၊ သံစာစာနှင့် ၊ သာယာ ကြည်လင်သည့် (ရွာဦးကျောင်း ဓမ္မခန္တီ) ၀ိဟာရဆရာတော်
ဦးနန္ဒမာလာထံသို့ ကျနသေချာ ရိုသေစွာလျင် ပညာသင်ရန် အပ်နှံကြလေသည်။
ဓမ္မခန္တီဝိဟာရဆရာတော် ဦးနန္ဒမာလာကလည်း “ အခြေပါဒ ၊ သင်ဦးစက
၊ ချနည်းမကျယ် ၊ ဓိပ္ပယ်ကောင်းစွာ ၊လိုရုံသာလျှင် ၊ အပ်ရာမသီး ၊ နားတွင်းနည်းသို့ ”
ဟူသော ကိုးခန်းပျို့လာ လင်္ကာအရ-နမော ဗုဒ္ဓါယမှစ၍ မင်္ဂလာသုတ် အပြင်အောင်ခြင်း ၊ အတွင်း
အောင်ခြင်း , နမက္ကာရ , လောကနီတိ ၊ ပရိတ်ကြီးစသော အခြေခံစာများကို တစ်စတစ်စ သင် ကြားပြသလာရာ
မကြာခင်မှာပင် ဆရာတော်လောင်းလျာ မောင်သိန်းမောင်လေးမှာ အခြေခံ စာများကို ကျောင်းသားအရွယ်မှာ
ကောင်းမွန်စွာ ရရှိခဲ့လေသည်။
ကျောင်းနေစဉ် ကလေးတို့သဘာဝ ကစားကြရာတွင် အခြားအခြားသော
ကလေးများကဲ့သို့ သစ်ပင်တက်ခြင်း ၊ ခုန်ပေါက်ပြေးလွှားကစားခြင်းစသော ကြမ်းတမ်းသော ကစားနည်းမျိုးတို့ဖြင့်
မကစားဘဲ ဣနြေ္ဒသိက္ခာတည်ငြိမ်စွာဖြင့်သာ ကစားလေ့ရှိပေသည်။ ကလေးဘ၀အရွယ် ငယ်ငယ်ကတည်းက ဘုရားရှိခိုးမေတ္တာပို့
၊ တရားထိုင်ခြင်း စသော ကောင်းမှုအလုပ်တွေမှာ အလွန်ပျော်ပိုက်နေတတ်ပါသည်။ဤသည်မှာ ပုဗ္ဗေဇာတံ
နိမိတ္တံ ပုဗ္ဗ နိမိတ္တံ အရ နောင်အနာဂတ်တွင် ထူးထူးခြားခြား ရဟန်းတော်ဘ၀ဖြင့် သာသနာပြုမည့်
ပုဗ္ဗ နိမိတ်ပင်ဖြစ်ပေသည်။
သာမဏေရ ပဗ္ဗဇ္ဇမင်္ဂလာ
“ဇိနာထွတ်ထာ ၊ မြတ်ဘုရား၏၊ တရားဓမ္မ၊ အရိပ်ကသော်၊ ဘ၀ပန်းလှိုင်၊
နိဗ္ဗာန်တိုင်အောင် ၊ ချမ်းသာဆောင်၏ ” ဟူသောလောကနီတိပျို့အရ သာသနာတော်၏ အေး မြသောအရိပ်၌
ချွေးသိပ်ခိုလှုံချင်လှသော အာဇာနည်လောင်းလျာ သားရတနာလေးသည် ၁၃၀၁ ခုနှစ်၊ တပေါင်းလပြည့်နေ့
၊ အသက်(၁၄)နှစ်အရွယ်ရောက်သောအခါ သရဏဂုံကို ဥဘတောသုဒ္ဓိဖြစ်အောင် စွမ်းဆောင်နိုင်လောက်ပြီဖြစ်၍
သီရိဓမ္မာသောကမင်းကြီးထုံး နှလုံးမူ ၍ ကျေးဇူးရှင်မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာဓမ္မခန္တီကျောင်းဆရာတော်
ဦးနန္ဒမာလာ ကို ဥပဇ္ဈယ်ပြုလျက် ဆရာတော်လောင်းလျာ မောင်သိန်းမောင်သည် ပဗ္ဗဇ္ဇမင်္ဂလာ ရှင်သာမဏေအဖြစ်သို့
ရောက်ရှိပါသည်။
ကျောင်းသားဘ၀က အေးဆေးတည်ငြိမဣနြေ္ဒရရ ပြည့်ဝသိက္ခာ၊ ဗရမ်းဗ
တာ ကင်းကွာတုံလတ်၊ ယင်းဗျူပ္ပတ်ကြောင့် ဂုဏ်နှင့်ဒြပ်ဟပ်မိစေရန် စိတ်ရည်သန်၍ “သညံအနွတ္ထ”
ရှင်သောဘိတ ဟုနာမတံဆိပ်ခတ်နှိပ်တော်မူလေသည်။
ဆရာတော်လောင်းလျာ ရှင်သောဘိတသည် ကျွန်းချောင်းရွာ ခံယူကာဓမ္မခန္တီကျောင်းဆရာတော်
ဦးနန္ဒမာလာနှင့်အတူ ဆရာတော် ဦးဝိစိတ္တ (ဦးလေးတော် သူ) နှင့် ဆရာတော် ဦးပဏ္ဍ၀တို့၏အထံ၌
သေခိယစာဝါ အစဖြာ၍ သဒ္ဒါ , သင်္ဂဟ , နေ့ည စာဝါ အခြေခံပိဋိကတ်စာပေကျမ်းဂန် သင်စရာများကို
ဝါယမစိုက်၍ ကြိုးပမ်းအားထုတ်သင် ယူခဲ့ပါသည်။
ရဟန်းဖြစ်ရာ ချိန်အခါ
၁၃၀၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ နံနက် (၉) နာရီတွင် ပဲခူးတိုင်း၊
ကျောက်တံခါးမြို့နယ်၊ ကျွန်း ချောင်းရွာ ဓမ္မခန္တီကျောင်း ခဏ္ဍသိမ်တော်ဝယ်ဦးနန္ဒမာလာ မဟာထေရ်ကို
ကျောက်ထီးတန္တု ဥပဇ္ဈယ်ပြု၍ ခမည်းတော် ဦးဖိုးချစ်+ မယ်တော်ဒေါ်စိန် တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ
သာမ ဏေရှင်သောဘိတသည် ဥပသမ္ပဒဇာတ် မြင့်မြတ်သော အထက်တန်းရဟန်းအဖြစ်သို့ ရောက် ရှိတော်မူပါသည်။
ဆရာတော်လောင်းလျာ အရှင်သောဘိတသည် ရဟန်းဘ၀သို့ ရောက် ရှိပြီးသည့်နောက်
(၁) ဆရာ၏ အမှုတို့ကို ထကြွနိုးကြားစွာ ဆောင်ရွက်ပေးခြင်း။ (၂) ဆိုဆုံးမ သောစကားကို ရိုသေစွာနာယူခြင်း။
(၃) ဆရာရောက်လာသောအခါ ကြိုဆိုပြုစုခြင်း။ (၄) ဆရာ့အနားဝယ် ခြေဆုပ်လက်နယ်လုပ်ကျွေးခြင်း၊
(၅) သင်ပြသောပညာများကို သင်အံလေ့ ကျင့်ရွတ်ဖတ်ခြင်း စသော တပည့်ဝတ်ငါးဖြာ ပြည့်စုံစွာဖြင့်
ပရိယတ္တိစာပေများကို ဆက်လက် သင်ယူခဲ့ပါသည်။
စာသင်ထွက်ပြီ မန္တလေးဆီ
ဗဟုသုတ၊ မရှိကမူ၊ လျောကျရေတူ၊ လူမဟူရ ၊ ရှက်ကြီးရလိမ့်၊
နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ပွဲမှာမ၀င်
ပြင်မှာမရောက်၊ တောမှာမျောက်သို့ ၊ခြေထောက်လက်စုံ၊
ရှိပါတုံလျက်၊ လူပျက်လူနှမ်း ၊ လူ့ပေါက်ပန်းနှင့် ၊ သူသွမ်းလူပေါ့၊
ထဲသော့သော့ဟု ၊ ကဲ့ရဲ့ပြုလိမ့်။
(ပုတ္တောဝါဒပျို့)
“ပြည့်ဖြိုးကျန်းမာ ကိုယ်အင်္ဂါနှင့်၊ ပညာဥာဏ်အသွား ၊ စွမ်းအားရှိစဉ်
၊ အခါတွင်ဝယ် ၊ ပညာမမှီး ၊ ရီးတီးရောင်တောင် ၊ နယောင်ထုံဝေ ၊ ပေတေတေလုပ်၍နေလျှင် ၊
အခြေမရ နောင်အခါကျသော် ၊ မရွှင်စိတ်ပန်း ၊ ညှိုးရိနွမ်းလိမ့် ” ဟူသော “ဇနသန္တဇာတ်” မိန့်မြတ်သည်နှင့်အညီ
ဖြစ်တတ်သည်ကို ဆင်ခြင်စဉ်းစားလျက် သုတခေါ်မှတ် ပရိယတ်ကို အထပ်ထပ် အဖန်ဖန် ဆထက်ထမ်းပိုးတိုး၍
ကြိုးစားဆည်းပူးလိုပြန်သောကြောင့် ဆရာတော် လောင်းလျာသည် အသက်(၂၈)နှစ် ၊ ရဟန်း (၈) ၀ါ
ရသည်အထိ ပရိယတ္တိစာပေများကို သင် ကြားပေးလျက်ရှိသော မူလဆရာတော်များထံပါးဝပ် တွားခွင့်ပန်ပြီလျှင်
၁၃၁၈ ခုနှစ်တွင် သာ သနာ့တက္ကသိုလ် ခေါ်ဆိုထိုက်သည့် မန္တလေးမြို့ ညောင်ကန်တိုက် ၊ မျက်ပါးရပ်ကျောင်းသို့
ပြောင်းရွှေ့ရောက်ရှိခဲ့ပါသည်။
မန္တလေးမြို့ ညောင်ကန်ကျောင်းတိုက် ၊ မျက်ပါးရပ်ကျောင်း
ဆရာ တော် ဦးဇာဂရ ၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ “ အဂ္ဂမဟာပဏ္ဍိတ” ဆရာတော် ဦးနာရဒ၊ ၎င်းတိုက်
“အဂ္ဂမဟာပဏ္ဍိတ” ဆရာတော် ဦးကြယ်၊ ရွှေရေးဆောင်တိုက် စံကျောင်းဆရာ တော် ဦးပဏ္ဍ၀နှင့် စာချဆရာတော်တို့ထံတွင်
ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစသည့် များစွာတန် တန် အထူးထူးသော ကျမ်းဂန်တို့ကို စုံလင်နယ လက်ဆုပ်ရအောင်
အထွက်၊အတက်၊စုဒ်၊ စောဒနာ ၊ သံဝဏ္ဏနာ၊ အာဘောဂ စသည့် အဖုံဖုံ နည်းမျိုးစုံတို့ဖြင့် ပိဋကတ်စာပေများကို
သင်ရိုးပေါက် ကျမ်းကြီးပေါက် သင်ယူဆည်းပူးခဲ့လေသည်။
မလျှော့သောဇွဲ၊ ခိုင်မြဲသောစိတ်ဓာတ်၊ တည့်မတ်သောသမာဓိဖြင့်၊
“ အထုံပါရမီ၊ ဆက်တိုင်းမီ ၊ ဥာဏ်ရည်တလက်လက် ” ဟူသည်နှင့်အညီ အရှင်သောဘိတ သည် ဥာဏ်ပဋိဘာန်
လျင်မြန်ကဲလွန် ထူးချွန်သည့် အားလျော်စွာ အဘိဓမ္မာပိုင်းဆိုင်ရာ ပိဋိ ကတ်စာပေများ၊ ပရိယတ္တိပညာဂုဏ်
လုံလောက်ပြည့်ဝရန်အတွက် အမရပူရမြို့ ကျေးဇူးတော် ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးထံတွင်
ပဌန်းဘာသာ၊ အဘိဓမ္မာည၀ါများ ကိုသင်ယူခဲ့ပါသည်။ သည်ကစပြီးဆရာတော်လောင်းလျာ အရှင်သောဘိတသည်
မိုးကုတ်နှင့် ဆက်စပ်မိဖို့ရန် ပဋ္ဌာန်းဆက်ရေစီးကြောင်းကလေး ဖန်လာခြင်း ဖြစ်ပါပေတော့သည်။
မိုးကုတ်ဆရာတော်ထံ နိဿရည်းခံ
နိကာယ်ငါးရပ် ပဋိကတ်ပင်လယ်ကြီးက အပြောကျယ်လှပါဘိ၊ ဖြတ် ကူးသည့်နည်းစနစ်ကိုသိမှ
ကူးနိုင်သည်။ ယခု ဆရာတော်လောင်းလျာကား မိုးကုတ်ဆရာ တော်ဘုရားကြီးထံမှ ကူးခတ်နည်းထပ်ဆင့်
သင်ယူနေခြင်းဖြစ်၏။
မိုးကုတ်ဆရာတော်ဘုရားကြီး စာပေပို့ချပုံသည် ရှင်းလင်းပြတ်သား၏။
နားလည်အောင်ပြောပြနိုင်သည်။ နားလည်အောင် ဥပမာ ဥပမေယျတွေနဲ့ ရှင်းပြနိုင်သည်။ တစ်ခါတလေ
စာဝါပို့ချရင် “တရားဟောရတာ ကုသိုလ်ရရုံပါပဲ ၊ စာပေပို့ချတာလည်း ထို့အတူ ကုသိုလ်ရရုံပါပဲ
၊ အဲဒါကြောင့် ကိုယ့်ကိစ္စကိုယ် စိတ်ချရအောင်လုပ်ဖို့လိုသေးတယ် ” ဆိုတဲ့ အကြောင်း မိုးကုတ်ဆရာတော်ကြီး၏အပေါ်
အစ်ကိုကြီးအရင်းပမာ ဆုံးမသွန်သင်လာခဲ့သော ဆရာတော်ကြီး ဦးနာဂ၀ံသ၏ သတိပေးသြ၀ါဒကို မကြာခဏ
ပြောလေ့ရှိပါသည်။
ထိုအခါ ဆရာတော်လောင်းလျာသည် ဘ၀နောက်နောင် ကောင်း ထက်ကောင်းဖို့ဟူသည့်
နဂိုမူလ ဓာတ်ခံအရ တစ်ဖက်က ပရိယတ္တိစာပေကို လေ့လာဆည်းပူး လျက် တစ်ဖက်ကလည်းပဋိပတ္တိအကျင့်မြတ်ကို
အချိန်ရသရွေ့ကြိုးစားအားထုတ်လို စိတ်များ တစ်စတစ်စပြင်းပြလာပါတော့သည်။
ဟုတ်ပါသည်။ ကိုယ့်ကိစ္စကိုယ်စိတ်ချရအောင် လုပ်ရပေဦးမည်။ အမှန်
မှာလည်း ပရိယတ်ကို ရွက်ဆောင်သည်ဆိုခြင်းမှာ ပဋိပတ်ကို သွားဖို့အတွက်မဟုတ်ပါလော… ၊မြတ်စွာဘုရားရှင်ကလည်း
ဒီရည်ရွယ်ချက်ပင်မဟုတ်ပါလော…..။
ပတ္တမြားဌာနေ မိုးကုတ်မြေသို့
ဆရာတော်လောင်းလျာ မန္တလေးမှာစာသင်နေချိန် မိုးကုတ်မြို့ မင်္ဂလာ တိုက်မှာ သီတင်းသုံးနေသည့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တပည့်ဆရာတော် ဦးနရိန္ဒက သူနှင့်အတူ လက်တွဲပြီး သာသနာပြုရန် မန္တလေးက သံဃာ (၅) ပါး ပင့်ပေးဖို့ အကျိုးဆောင် ဆရာတော် ဦးရေ၀တကို ပင့်ခိုင်းရာ ဒီမှာတွင် ဦးရေ၀တ၏ လျှောက်ထားပင့်ဖိတ်မှုကြောင့် မိုးကုတ်နှင့် ဆက်စပ်ဖို့ရန် အကြောင်းဖန်လာပါတော့သည်။
၁၃၂၁ ခုနှစ်၊ တန်ဆောင်မုန်းလ ၊ သက်တော် (၃၄) ရဟန်း (၁၀) ၀ါ ကျော်အရွယ်တွင် ဆရာတော်လောင်းလျာ အရှင်သောဘိတ ပတ္တမြားဌာနေ မိုးကုတ်မြေသို့ စတင်၍ ရောက်ရှိခဲ့ပေသည်။ ဆရာတော်လောင်းလျာကား ယခုအခါ ပတ္တမြားမြေ ကျေးဇူး တော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ထိပ်ထိပ်ကြဲအထံသို့ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်၍သွားရပြီ ၊ ကံတရားတို့သည် ဆန်းကြယ်ကြကုန်၏ ။ ဓာတ်တူရာတူရာ ပို့၍ပေးသလို ပေါင်းစည်း၍ပေးသလို ဖြစ်သည်။ ယခု အရှင်သောဘိတ၏ ရှေးဘ၀ ပါရမီကံတို့ ကပို့ဆောင်၍ ပေးလိုက်လေပြီလော။
ဤသဘောမျိုးကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အညံ့စားဓါတ်စုတို့ သည် အညံ့စားချင်း ပေါင်းဖွဲ့ကြကုန်၏။အလတ်စားဓာတ်စုတို့သည် အလတ်စားချင်း ပေါင်းဖွဲ့
ကြကုန်၏ ။ အမြတ်စားဓာတ်စုတို့သည် အမြတ်စားချင်း ပေါင်းဖွဲ့ကြကုန်၏ ဟု နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်မှာ ဟောတော်မူထားပါသည်။
ယုတ်မြတ်ဓမ္မတာ၊ သတ္တ၀ါကား ၊ တံငါချင်းချင်း၊ မုဆိုးချင်းတို့ ၊
မယွင်းအယူ၊ သဘောတူသို့ ၊ မသူတော်ချင်း၊ သူတော်ချင်းသာ ၊
ဓာတ်ချင်းသင့်လျော်၊ ပေါင်းကြဖော်၏။
(မဃဒေ၀)
ပရိယတ်ပဋိပတ် နှစ်ဖြာဓုရ စွယ်စုံရ
“ကြောင်ပုစွန်စား၊ ကြွပ်ကြွပ်ဝါးသို့၊ အံသွားကြိတ်ကြိတ်၊ အားမာန်စိတ်ဖြင့်၊ ဖိတ်ဖိတ်လျှံလျှံ၊
ခြင်္သေ့ဟန်မျှ” ဟူသော လူငယ်တို့ရဲ့ သဘာဝအတိုင်း ပရိယတ်ပဋိပတ်အ လုပ်ခွင်ကို တက်ကြွစွာဖြင့်
နောက်မဆုတ်တမ်း ကြိုးစားနေရာက နေ့တစ်နေ့မှာ ကျောင်းအမ ကြီး ဒေါ်ဖုံက ဆရာတော်လောင်းလျာကို
“ဦးဇင်းဘုရား ဆရာတော်ကြီးဟောတဲ့တရားတွေကို နာပါ ၊ ဦးဇင်းတို့က စာသင်စာတတ်တာကတော့
မှန်ပါတယ်၊ ဆရာတော်ကြီး ခန္ဓာဥာဏ် ရောက်တရားတွေဟောနေတော့ ဦးဇင်းတို့ ကိုယ်တိုင်အားထုတ်ရတဲ့အခါ
ပိုပြီးခရီးရောက် ပါတယ် ” ဟု လျှောက်ထားပါသည်။
ထိုအခါ ဆရာတော်လောင်းလျာက “ ဟုတ်ပါတယ် ဒကာမကြီး ဦးဇင်းတို့က တော့ စာတတ်ရင် ကိုယ့်တာဝန်ကျေပြီ
တစ်နေ့ နိဗ္ဗာန်ရမှာပဲ လို့ နဂိုက ထင်ခဲ့တာပါ။ အခုမှ ပဋိပတ်အလုပ် မလုပ်လို့ ရှိရင် သံသရာဝဋ်ကထွက်မြောက်ရာ
ထွက်မြောက်ကြောင်း မဟုတ်သေးဘူးဆိုတာ ဆရာတော်ကြီးဟောလို့ သိရပါတယ်၊ ဒါကြောင့် ဦးဇင်းတို့လည်း
တတ် နိုင်သရွေ့ ကြိုးစားပါမည်” ဟု ကတိပေးလိုက်ပါသည်။
မိုးကုတ်ဆရာတော်ကြီး နှစ်စဉ် သင်္ကြန်တွင်း တန်ခူးလမှစပြီး ကဆုန် ၊ နယုန် ၊ ၀ါဆို (၄)
လ။ မိုးကုတ်မြို့ မင်္ဂလာတိုက်မှာ သီတင်းသုံးနေစဉ် ညစဉ် (၇) နာရီမှ (၈) နာရီအထိ ပုံမှန်
ခန္ဓာဥာဏ်ရောက်ဝိပဿနာ သစ္စာတရားတွေဟောတဲ့အခါ ဆရာတော်လောင်းလျာ အမြဲ တမ်း နာယူမှတ်သားရပါသည်။
ဆရာတော်ကြီး မိုးကုတ်ကနေ မန္တလေး- အမရပူရ ကို ပြန်ကြွ သွားသည်နှင့် ၀ါတွင်း ၀ါပဥပုသ်သီတင်းနေ့တိုင်း
ဆရာတော်ကြီး၏ တရားတိပ်ခွေဖွင့် သီလယူ တရားနာကြရ၏။
တစ်နေ့မှာ ကျောင်းအမကြီး ဒေါ်ဖုံက ဆရာတော် ဦးနရိန္ဒကို ဥပုသ်နေ့တိုင်း သံဃာတော်များကို
အလှည့်ကျ တရားဟောခိုင်းပေးဖို့ လျှောက်ထားရာ ဆရာတော်လောင်း လျာ အရှင်သောဘိတ၏ အလှည့်ရောက်သည့်နေ့မှာ
ဆရာတော်လောင်းလျာက “ ဆရာ တော်ကြီးက အရိယာပုဂ္ဂိုဟ်ကြီးဟောပြောတဲ့တရားကို ဦးဇင်းတို့က
ဟောပြောမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူးထင်တယ်၊ တရားအားထုတ်ပြီး အမြင်မှန်နဲ့ ခန္ဓာမှာကြည့်ပြီး
ဟော တဲ့ ဆရာတော်ကြီးရဲ့ ဟောပုံဟောနည်းတော့ ဦးဇင်းတို့ဘယ်လိုမှ ဟောနိုင်မှာ မဟုတ်ဘူး”
စသည့် စကားပလ္လင်ခံပြီး “သမုတိ သစ္စာ ပရမတ္ထသစ္စာ” သစ္စာနှစ်ရပ်က စဟောလိုက်ပါသည်။
မိုးကုတ်သူ၊ မိုးကုတ်သားတို့က ကျောက်ရိုင်းတုံးတစ်ခုကိုတွေ့လျှင် “ အပွေး မြင်ရုံနဲ့
အပင်သိဆို သလို” အသွေးမြင်ရုံနဲ့ အသွင်ကို သိကြ၏။ အကဲခတ်တတ်ကြ၏ ။ တန်ဖိုး ကို သိကြသည်။
ထို့အတူ ယခုဆရာတော်လေး ဦးသောဘိတ၏ အရည်အသွေးကိုလည်း သူတို့ သိနေကြပြီ၊ ဟောပြောမှုအနည်းငယ်ကို
နာရုံမျှဖြင့် သူတို့သဘောကျနေကြပြီ၊ ထို့ကြောင့် ဒါယကာ၊ ဒါယိကာမများက စီစဉ်ဆောင်ရွက်ပေးသည့်
ဆရာတော် ဦးနရိန္ဒကို ပဲနွယ်ကုန်းက ကိုယ်တော်လေးကိုပဲ ရှေ့ဆက်ပြီးတရားဟောခိုင်းပေးပါရန်
လျှောက်ထားသံ တွေထွက်ပေါ်လာပါတော့သည်။ ၁၃၂၄ ခုနှစ် သက်တော်(၃၇) နှစ်မှ စပြီး တရားဟော
တရား ပြအလုပ်ကို စတင်ခဲ့ပါသည်။
တစ်နေ့မှာ ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးက ဆရာတော်လောင်း လျာကို “ဦးသောဘိတ
တရားတွေတွေ ဟောနေတယ်ဆိုပါလား။ နေပါဦး ကိုယ်တော်ဘယ်က ဟာနဲ့ ဟောတာတုံး ၊ ကိုယ်တော်သိလို့လား
” ဟုမေးရာ ထိုအခါ ဆရာတော်လောင်းလျာက “မှန်လှပါ တပည့်တော် မသိပါဘုရား၊ ဦးမြင့်ဆွေ စီစဉ်ထားသည့်
ဆရာတော်ကြီး၏ ဟောစဉ် ဒုလ္လဘဒေသနာစာအုပ်ကို လေ့လာကျက်မှတ်ပြီး ဟောနေပါတယ်ဘုရား” ဟု လျှောက်ထားရာ
“ကိုယ်တော် သူများဟာယူပေးနေတာကို ၊ ကိုယ့်ရှိတာမှ မဟုတ်ဘဲ ၊ ကိုယ့်ရှိတာ ကိုယ်ပေးနိုင်
အောင် လုပ်မှပေါ့ ” ဟု ဤသို့သတိပေးခြင်းခံရပါသည်။ ဒီအခါ ဆရာတော်လောင်းလျာ၏ ရင် ထဲမှ
ဒိန်းခနဲ တုန်လှုပ်ခြောက်ချားခြင်းတွေ ဖြစ်ရပါတော့သည်။
“ဟုတ်ပေသားပဲ ၊ ကိုယ့်ခန္ဓာကိုယ်ကြည့် ကိုယ့်ခန္ဓာကပြတဲ့ ကိုယ့်တရားကိုယ် ဟော” ဓမ္မကထိကဆရာတော်လေး
အရှင်သောဘိတမှာ မိုးကုတ်ဆရာတော်ကြီးသတိပေး လိုက်တော့မှ မျက်ကလူးဆန်ပျာထိတ်လန့်သွားရတော့၏
။ “ မှန်ပါသည် ကိုယ့်ခန္ဓာကိုယ် ကြည့်၊ ကိုယ့်ခန္ဓာက ပြတဲ့တရား ကိုယ့်တရား ကိုယ်ဟော ၊
ကိုယ့်ကိစ္စကိုယ် စိတ်ချရအောင် လုပ်ရပေဦးမည် ” ဤသို့ဆင်ခြင်ကာ စာကြည့်ချိန် ၊ တရားဟောချိန်တို့
ကို အတိုင်းအတာဖြင့် ကန့်သတ်လိုက်ကာ ကျန်သော အချိန်ဟူသမျှ “ကိုယ့်ကိစ္စအတွက်” ဟုချည်း
ယူထားလိုက် တော့သည်။
ဤသို့လျှင် ထိုအချိန်မှစ၍ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿရည်းကို ယူပြီး “ကိစ္စမပြီးသမျှ
ဤနေရာမှ ငါမထပြီ” ဟူ၍ စက်ကုန်လွှတ်သောဝီရိယ မျိုးဖြင့် သမ္မပဓာန် လုံ့လ ၀ီရိယတို့ဖြင့်
သတိပဋ္ဌာန် ၀ိပဿနာလုပ်ငန်းခွင်သို့ ၀င်နေပါတော့သည်။
ဆရာ့ကျေးဇူးအထူးသိတတ် သားကောင်းမြတ်
ကျောင်းအမကြီး ဒေါ်ဖုံက မိုးကုတ်ဆရာတော်ဘုရားကြီးကို “ ဒီဦးဇင်း ဦးသော ဘိတဟာ အစအနတော့ရှိတယ်၊ ဆရာတော်ကြီးမရှိတဲ့နောက်ပိုင်းမှာ ဆက်လက်ပြီး သာသနာ ပြုမယ်လို့ တပည့်တော်များ ယုံကြည်ပါတယ်၊ ဒါကြောင့် ဦးဇင်း ဦးသောဘိတကို ဓမ္မအမွေပေး ပါဘုရား၊ ဆရာတော်ကြီး မရှိတဲ့နောက်ပိုင်းမှာ ဘုရားတပည့်တော်များ ဆက်လက်ပြီးကိုးကွယ် ချင်ပါတယ်” ဟု လျှောက်ထားဖူးသည်ဆို၏။
ထို့ကြောင့်လော၊ ဆရာတော်ကြီး၏ အာရုံထဲမှာပင် အနာဂတ် သာသနာအ တွက် မြင်ယောင်နေမိ၍လော မသိပါ၊ ဆရာတော်လောင်းလျာကို “တရားတော့ဟောပြီး ကိုယ် တိုင်အားထုပ်မှုမရှိရင် မဟုတ်သေးဘူး ၊ ခန္ဓာထဲမှာ မမြင်ဘဲ ပြောရင် လွဲမှာစိုးရတယ်၊ ကိုယ် တော်ကြိုးစားနော်” အစချီကာ ဓမ္မအမွေကို ပေးခဲ့ပါသည်။
“လူပျင်းမချွန်၊ လူချွန်မပျင်း” ဟူသကဲ့သို့ ဆရာတော်လောင်းလျာသည် အမြဲ နိစ္စလုံ့လ၀ီရိယကို ရှေ့တန်းတင်ကာ ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဘုန်းရိပ် ၊ ကံရိပ်၊ မေတ္တာရိပ်အောက်မှာ (၆) နှစ်တိုင်တိုင် တရားဟောနည်း ၀ိပဿနာ ကမ္မဋ္ဌာန်း
ကျင့်ကြံအားထုတ်နည်းတို့ကို အာစရိယ “ဟတ္ထမုဋ္ဌိ” လက်ဆုပ်လက် ကိုင် ဆရာနည်းကျကျ နာယူမှတ်သားပွားများ အားထုတ်ခဲ့ပါသည်။
စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ ၊ နာရီ မှ နေ့ရက် ၊ နေ့ရက်မှ လ သို့ တစ်စတစ်စ အချိန်တွေ ပြောင်းလဲ လာခဲ့သည်။ “ မာဝေါ ခဏံဝိ ရာထေဓ ” အချိန်ကောင်း အခွင့်ကောင်း တွေ လက်လွတ်မကုန်ကြစေနှင့် ဟူ၍ မြတ်စွာဘုရားရှင်က သတိပေးထားသည် မဟုတ်ပါ လော။ အချိန်တို့သည် ရပ်တန့်၍မနေ တရွေ့ ရွေ့ ပြောင်းလဲနေကြ၏၊ ထိုပြောင်းလျက်ရွေ့ လျက်နေသော အချိန်တို့ကို ဆရာတော်က မလွတ်တမ်း ဖမ်းယူ၍ တန်ဖိုးရှိစွာ အသုံးချလိုပါ သည်။
ထို့ကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားသည့် နောက် ဆရာတော်ကြီး သီတင်းသုံးသွားသည့် မိုးကုတ်မြို့ ၊ မင်္ဂလာတိုက်တွင် (၁၃)နှစ်တိုင် တိုင် သီတင်းသုံးနေထိုင်ပြီး မိုးကုတ်ဝိပဿနာတရားတော်များ ပြန့်ပွားစေရန် ဆရာ့ကျေးဇူး အထူးသိတတ် သားကောင်းမြတ် အနေဖြင့် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ မိုးကုတ်ဝိပ ဿနာ တရားစခန်းများကို ဖွင့်လှစ်ကာ ကမ္မဋ္ဌာနစရိယ အဖြစ် ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။