ပတ္တမြားရိပ်သာပေါ်ပေါက်လာပုံ


                 ဆရာတော်ဦးသောဘိတသည် ကောဇာသက္ကရာဇ် ၁၃၃၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မိုးကုတ်ကျပ်ပြင်မှ ဒါယကာ၊ ဒါယကာမများ စုပေါင်းတိုင်းပင် ညီညွတ်လျက် လှူဒါန်းသော ယခု မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာရပ်ရှိ မြေနေရာကို အလှူခံယူကာ ပတ္တမြားရိပ်သာကျောင်းတိုက်ကို စတင်တည်ထောင်၍ စာသင်ချ၊ တရားဟော တရားပြ ပရိယတ် ပဋိပတ် လုပ်ငန်းများကို အားသစ်ရွှင်လန်းကြိုးပမ်းတော်မူခဲ့ပါသည်။ 
                 “တောင်တိုင်းတွင် ပတ္တမြားရတနာမရှိ၊ ဆင်သတ္တ၀ါတိုင်းလည်း အမြုတေမရှိ၊ တောတိုင်းလည်း စန္ဒကူးနံ့သာမရှိ၊ အရပ်တိုင်းလည်း အာဇာနည်မှန်ဘိ ပညာရှိသုခမိန်မရှိ” ထိုအာဇာနည် ယောက်ျားမြတ်တို့သည် နေရာတကာ အရပ်တကာတို့၌ ဖြစ်ထွန်းပေါ်ပေါက်လာခြင်းမရှိ၊ အကယ်၍ အကြင်မျိုး၌လည်းကောင်း၊ အကြင်အရပ်၌လည်းကောင်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါလျှင် ထိုအမျိုး၌လည်းကောင်း၊ ထိုအရပ်ဒေသသည် လည်းကောင်း မလွဲဧကန် အမှန်မုချ ကြီးပွားချမ်းသာရ၏။ 
                 ထိုစကားသည် မမှားဧကန်မှန်လှပါပေ၏။ ပတ္တမြားရိပ်သာ ဆရာတော်သည် မေတ္တာကိုရှေ့ထား၊ စေတနာကို အရင်းခံ၊ ၀ီရိယကို အဖေါ်ပြု ပညာကိုဦးစီးပြီး မြန်ပြည်ထက်အောက်တစ်ခွင် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ တရားဟောတရားပြ၊ လက်ရှိပတ္တမြားရိပ်သာအတွင်း လစဉ်တရားစခန်းဖွင့်လှစ်မှုများကို ကြိုးပမ်းဆောင်ရွက်နေရာမှ ၁၃၅၁ ခုနှစ်တွင် ပတ္တမြားရိပ်သာ ကျောင်းတိုက်၏ အရှေ့ဘက်ခြမ်းကို တိုးချဲ့ပြီးပရိယတ္တိဝန် ဆောင်စာချဆရာတော်များနှင့် အနယ်နယ်အရပ်ရပ်မှ ပညာရည်နို့ သောက်စို့လျက်ရှိကြသော စာသင်သားရဟန်းတော်များ၊ ရှင်သာမဏေများအား မွေးမြူကာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတည်းဟူသော သာသနာသုံးရပ်တို့တွင် အခြေခံရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိသာသနာတော်ကြီးကို ပြုစုပျိုးထောင်ကာ သာသနာပြုတော်မူပြန်ပါသည်။ 
                 ပတ္တမြားရိပ်သာကြီး၏ အနောက်ဘက်ခြမ်းမှာမူ အနယ်နယ်အရပ်ရပ်မှ ၀ိပဿနာတရားအလုပ်အားထုတ်လိုသူ ဓမ္မယောဂီ သူတော်စင်များအား လစဉ်တရားစခန်းများကျင်းပ၍ ခန္ဓာဉာဏ်ရောက် ၀ိပဿနာ သစ္စာတရားတော်များ ဟောပြောပြသဆုံးမခြင်းဖြင့် ပဋိပတ္တိသာသနာတော်ကြီးအတွက် “အမတံဒဒေါစသောဟောတိ၊ ယောဓမ္မာ မနုသာသတိ” အရ အမြတ်ဆုံးတရား အလှူနိဗ္ဗာန်အလှူကို ပေးလှူလျက်ရှိပါသည်။ 
                 “သစ်တစ်ပင်ကောင်းသော် ငှက်တစ်သောင်းနားခိုလို့ရ” ဆိုသည့်အတိုင်း ပတ္တမြားရိပ်သာဆရာတော်ကြီး၏ သာသနာအဆုံးအမ အရိပ်အာဝါ သကို မှီခိုကာရောက်ရှိလာကြကုန်သော ရဟန်းရှင်လူ ဓမ္မယောဂီသူတော်စင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဂန္ထဓုရ၊ ၀ိပဿနာဓုရ၊ ဓုရနှစ်ဖြာ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြစေရန် နိဗ္ဗာန်အကျိုး ရည်ရွယ်မျှော်ကိုး၍ အနယ်နယ်အရပ်ရပ်က သဒ္ဒါကြည်လင် ပါရမီရှင်များကလည်း လိုလေသေးမရှိ ဖြည့်စွမ်းပေးကြပါ၏။ လှူဒါန်းထားအပ်သော ဇရပ်၊ တန်ဆောင်း၊ ဘုရား၊ ကျောင်းကန် အစရှိသော ကြည်ညိုဖွယ်ရာ သာသနိက အဆောက်အဦများမှာလည်း “တာဝတိံသာနတ်ပြည်မှ ၀ိသကြုံနတ်သား ဖန်ဆင်းထားသည့်အလား” အံ့မခန်းမျှ ဖူးမြင်ကြရသဖြင့်၊ ပတ္တမြားရိပ်သာဆရာတော်ဘုရား၏ သာသနာပြု ဇွဲလုံ့လ၊ သီလ၊ သမာဓိ၊ ပညာဂုဏ်သိက္ခာတို့သည် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး အရှည်ခံ့တည်တံ့ပြန့်ပွားရေးမှာ အတုယူဖွယ်ရာ စံနမူနာပင်ဖြစ်ပါသည်။

သာသနာပြု လုပ်ငန်းများ

                 မိုးကုတ်မြို့တွင် သတင်းသုံးနေစဉ် တစ်နေ့သော ညနေခြမ်းအခါ မိုးကုတ်ဆရာတော်ဘုရားကြီးက ပတ္တမြားဆရာတော်ကို ခေါ်ပြီး လမ်းလျှောက်ကြွရာ ထင်းရှူးပင်ကြီးတစ်ပင် ယိမ်းထိုးနေသည်ကို တွေ့သည့်အခါ “ဦးသောဘိတ တောင်ထိပ်ပေါက်တဲ့သစ်ပင်ဟာ လေတိုက်ခံရတတ်တယ်နော်၊ သတိထား” ဟုလည်းကောင်း၊ ရှေ့ဆက်သွားပြန်သောအခါ လမ်းကွေ့လေးတစ်ခုမှ ချိုင့်ထဲရှိသစ်ပင်တွေကို ပြပြီး “ဦးသောဘိတ ဟိုအပင်တွေကြတော့ လေကသူ့အပေါ်ကျော်သွား လေမတိုက်တော့မလှုပ်ဘူးပေါ့” ဟူ၍လည်းကောင်း၊ အပြန်တွင် ကျောက်တိုင်ကြီးကို တွေ့သည့်အခါ “ဒီကျောက်တိုင်ကြီးကျတော့ အရပ်လေးမျက်နှာမှ လေတွေတိုက်ပေမယ့် တုန်လှုပ်မှုမရှိဘူး၊ ဒါကြောင့် ကျောက်တိုင်ကြီးလို ကျင့်ပါ” ဟု မှတ်သားဖွယ်ရာ မိန့်ကြားတော်မူပါသည်။ 
                 ထို့ကြောင့် ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီးသည် မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမသြ၀ါဒကို ခံယူပြီး တွေ့ကြုံလာခဲ့သည့် လောကဓံလှိုင်းများကို မတုန်မလှုပ် ကြံ့ကြံ့ခံကာ သည်းခံမှုဖြင့် အနိုင်ယူ အောင်မြင်သရဖူကို ဆောင်ယူနိုင်ခဲ့ပါပေသည်။ “ ပဂ္ဂဏှေဣသိနံ ဓဇံ” ဣသိနံ - သူတော်သူမြတ်တို့၏ ၊ ဓဇံ - တံခွန်အလံသဖွယ် တရားတော်ကို၊ ပဂ္ဂဏှေ - မြင်ရလောက်အောင် မြှင့်ထောင်မြှောက်ပင့်ရာ၏။ သူတော်မြတ်တို့၏ အောင်လံတံခွန်ဆိုသည်မှာ “ဓမ္မ” ပင် ဖြစ်၏။ ဓမ္မကို ဟောပြောပို့ချတော်မူခြင်းဖြင့် အောင်လံတံခွန်လွှင့်ထူရာရောက်၏။ “ဓမ္မ” ထွန်းကားအောင် မဆောင်ရွက်နိုင်လျှင် အောင်လံလဲတာနှင့်တူ၏။ အလံလဲလျှင် စစ်ရှုံးတာနှင့် အတူတူပဲဟု နှလုံးသွင်းထားသည့် အတိုင်း ပတ္တမြားရိပ်သာဆရာတော်သည် စစ်မရှုံးဖို့ “ဓမ္မ” အောင်လံတံခွန် လွှင့်ထူလျက် ရှိပါသည်။ 
                 ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီးသည် ၀ိပဿနာသစ္စာတရားများ ဟောကြားတော်မူသည့်အခါ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသဥယအတိုင်း (၁) ပဋိစ္စသမုပ္ပာဒ်ကို အခြေခံထားခြင်း၊ (၂) ရုပ်နာမ်ခွဲ ပညတ်ပရမတ်ခွဲပေးခြင်း၊ (၃) ဒိဋ္ဌိကို အသိဉာဏ်နှင့်ကွာအောင် ခွာပေးမှုရှိခြင်း၊ (၄) အလုပ်ခွင်ဦးစားပေး ရှုပုံရှုနည်း ပါရှိခြင်း၊ (၅) သစ္စာဆိုက်အောင် ဟောပြောမှုရှိခြင်း စသည့် အင်္ဂါရပ်တွေနှင့် “မိမိသိသလိုပင် သိပါစေ” ဟု စေတနာအပြည့်အ၀ထားပြီး ဟောကြားပေးတော်မူပါသည်။ ထို့ကြောင့်လည်း ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီး၏ ဓမ္မအောင်လံတံခွန်လွှင့်ထူသည့်နေရာသို့ အောင်မြေနင်းသည့်ပမာ မြန်ပြည်တစ်ဝှမ်းမှ သူတော်စင် ဓမ္မပရိသတ်များ တစ်စခန်းထက်တစ်စခန်း၊ တစ်နှစ်ထက် တစ်နှစ် ပျားပန်းခတ်မျှ ၀င်လာမစဲ တဖွဲဖွဲ ဖြစ်နေပါတော့သည်။