''နောက်ဆုံးခန္ဓာ ရက်တစ်ရာ''

မေတ္တာရပ်ခံချက်-
ဦးပဉ္စင်းသည် စာရေးဆရာတစ်ယောက် မဟုတ်ပါ။ ဆရာတော်ဘုရားကြီးအား ဦးပဉ္စင်းလောက်မှ အနီးကပ်ပြုစုခွင့် ဖူးမျော်ကြည်ညိုခွင့် မရလိုက်ကြရှာသော ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများကို သိစေချင်သော စေတနာဆန္ဒ ပြင်းထန်လွန်းသောကြောင့် တစ်နှစ်တိတိပြည့်သောနေ့မှာ အတူတကွ မျဝေခံစား သတိရကြစေဖို့ရည်ရွယ်ပြီး ဆရာတော်ဘုရားကြီး လွန်တော်မမူမီ နောက်ဆုံးရက်တစ်ရာအတွင်း ဦးပဉ္စင်းမှတ်သားမိသမျ အကြောင်းအရာများကို စုစည်းကာ ''နောက်ဆုံးခန္ဓာ ရက်တစ်ရာ'' ခေါင်းစီးနှင့် စာမူတစ်ခုကို အစောပိုင်းတည်းက ပြုစုရေးသားခဲ့ပါသည်။ သို့သော် ဦးပဉ္စင်းအနေနှင့်စာအုပ်ရေးသားလှူဒါန်းနိုင်ဖို့ မဖြစ်နိုင်လောက်သော အခက်အခဲတစ်ချို့ ပေါ်ပေါက်ခဲ့သောကြောင့် အစီအစဉ်ပျက်ခဲ့ရပါသည်။ ဆရာတော်ဘုရားကြီး လွန်တော်မူပြီး တစ်နှစ်ပြည့်ဖို့ (၄-၅)ရက်ခန့်အလိုမှာ စေတနာဆန္ဒပြင်းပြလာပြန် သောကြောင့် ယခင်စာမူမှ သင့်တော်မည်ထင်သော အကြောင်းအရာအချို့ကို ပြန်လည်ထုတ်နှုတ်ဆက်စပ်ပြီး စာအုပ်တန်ဖိုး နည်းနိုင်သမျနည်းအောင် အကျဉ်းချုံးရေးသားပူဇော်၍ ဆရာတော်ဘုရားကြီး၏ နှစ်ပတ်လည် တစ်နှစ်ပြည့်အမှတ်တရအဖြစ် ဓမ္မဒါနပြုခဲ့ပြီး ယခုတစ်ဖန် ဓမ္မဒါနစာအုပ် မရလိုက်ကြသော အင်တာနက် ဓမ္မမိတ်ဆွေများဖတ်ရှုနိုင်ရန်အတွက် ထပ်မံထည့်သွင်း ဖော်ပြလိုက်ပါသည်။ ဆိုခဲ့ပြီးသော- ဦးပဉ္စင်းကိုယ်တိုင်က စာပေရေးသားမှု အတွေ့အကြုံမရှိသေးခြင်း၊ အကျဉ်းချုံးကာ ရေးသားခဲ့ရခြင်းတို့ကြောင့် စာရှုသူတို့ ဆန္ဒပြည့်ဝမှုမရှိခဲ့သော် ဦးပဉ္စင်းအပေါ် နားလည်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

အရှင်မဏ္ဍလ
၁၃၇၁-ခုနှစ်၊ကဆုန်လဆန်း(၁)ရက်
24/April/2009
သာသနာပြု လုပ်ငန်းများ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
''ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသောဝ်။
ပတ္တမြားဆရာ ထေရ်မဟာ သာသနာနိစ္စ ပြုစေသောဝ်။
ပတ္တမြားရိပ်သာ သာသနာ မြန်ပြည်အနှံ့ ပြန့်စေသောဝ်။''
သာဓု--- သာဓု--- သာဓု---

တရားစခန်းဝင်ယောဂီများ၏ နောက်ဆုံးနေ့ညနေခင်း ဆရာတော်ဘုရားကြီးအား မေတ္တာပို့ ပူဇော်ကြသောအသံသည် ညီညီညာညာနှင့် ဓမ္မာရုံကြီးတစ်ခုလုံး ပဲ့တင် ထပ်သွားလေသည်။
အချိန်က ၁၃၆၈-ခုနှစ်၊ နတ္တော်လဆန်း(၁၅)ရက်၊ ညနေ(၄း၃၀)နာရီ။
ဆရာတော်ဘုရားကြီးသည် ဓမ္မာသနပလ္လင်ထက်မှနေ၍ ချထားသောမျက်လွှာအစုံကို ဖွင့်ကာ ပရိတ်သတ်များကိုတစ်ချက်မျ ဝေ့ကြည့်လိုက်သေးသည်။ ထိုအချိန်က ကြည့်လိုက်သည့် ဆရာတော်ဘုရားကြီး၏ ကရုဏာပါသော စက္ခုအာရုံအတွင်းမှ လေးနက်လှသော စိတ်စေတနာများကို မည်သူ အဓိပ္ပါယ်ဖေါ်နိုင်ပါမည်နည်း။
မကြာလိုက်ပါ၊ ဆရာတော်ဘုရားကြီးသည် ထိုကဲ့သို့ အဓိပ္ပါယ်ကြယ်ဝန်းလှသော ကြည့်ခြင်းဖြင့် တစ်ချက်မျသာ ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်ခန့်ငြားသော ဣနြေ္ဒတို့ဖြင့် ဓမ္မာသနပလ္လင်ထက်မှ သက်ဆင်းကာ အေးမြကြည်လင်သော ဓမ္မစကြာတရားဟောဟန် မြတ်ဗုဒ္ဓဆင်းတုတော်ကို ဦးသုံးကြိမ်ချပြီး ဂေါပကလူကြီးမင်းများ ခြံရံလျက် မိမိသီတင်းသုံးရာ ကျောင်းတော်သို့ ပြန်လည်ကြွချီသွားခဲ့လေပြီ။
အဖြူအညို အပိန်အ၀ ချမ်းသာဆင်းရဲ အမျိုးစုံလင်လှသော ယောဂီပရိတ်သတ် ငါးရာခန့်တို့၏ မျက်လုံးအစုံတို့သည် ဆရာတော်ဘုရားကြီးတည်းဟူသော အမြင်အာရုံ တစ်ခုတည်း၌သာ။
ဆရာတော်ဘုရားကြီး ဒီဓမ္မာရုံ ဒီပလ္လင်ပေါ်ကို ဘယ်သောအခါမှပြန်မတက်သော ဆင်းခြင်းဖြင့် သက်ဆင်းသွားသည်ဟု သိမြင်နိုင်သောသူ ထိုပုဂ္ဂိုလ်တို့အထဲမှာ တစ်စုံတစ်ယောက်မျ ပါရှိဟန်မတူပါ။ ဦးပဉ္စင်းကိုယ်တိုင်သည်ပင် ထိုစဉ်က ဆရာတော်ဘုရားကြီ၏ တရားဟောဟန်ပုံသဏ္ဍာန်ကို ကင်မရာစကရင်မြင်ကွင်းအတွင်း နောက်ဆုံးပေါ်ခဲ့ခြင်းဖြစ်မည်ဟု မတွေးထင်ခဲ့မိပါပေ။
အဖြစ်ကိုမြင်နေစဉ် အပျက်ကိုမထင်တတ်တာ ပုထုဇဉ်တို့ရဲ့ သဘာဝပင်။
၁၃၆၈-ခုနှစ်၊ ပြာသိုလဆန်း(၆)ရက်နေ့။
ထိုနေ့က ဦးပဉ္စင်းအတွက် လုပ်နေကြထုံးစံအတိုင်း မနက်စောစော ဓမ္မာရုံပေါ်တက်ကာ ဆရာတော်ဘုရားကြီး တရားဟောကြားမည့်ပလ္လင်နှင့် ကင်မရာအနီးအဝေး အလင်းအမှောင်များ ချိန်ညှိနေစဉ် ပန်းတကာကြီးမှ ''ဦးဇင်း ဒီနေ့ဆရာတော်ဘုရားကြီး ကျန်းမာရေးမကောင်းလို့ တရားမဟောနိုင်ဘူး၊ နောက်နေ့မှ သက်သာရင်ဆက်ဟောမယ်၊ အရှင်ဘုရားစက်တွေ ဟိုဘက်ပလ္လင်ကို ပြောင်းဆင်လိုက်ပါ။''
ဦးပဉ္စင်းစိတ်ထဲ ထင့်ခနဲဖြစ်သွားခဲ့သည်။
ဆရာတော်ဘုရားကြီးနှုတ်တော်မှ ''ငါ့ခန္ဓာကိုယ်က တစ်နာရီပြည့်အောင် ဟောနိုင်သရွေ့ ဘယ်သူတားတား ပလ္လင်ပေါ်တက်မှာဘဲ၊ တစ်နာရီပြည့်အောင် မဟောနိုင်တဲ့နေ့ ပလ္လင်ပေါ်ကို မတက်တော့ဘူး'' ဆိုတဲ့စကားကို ဦးပဉ္စင်းနားနှင့်ဆက်ဆက် သုံးခါမက ကြားဖူးပါသည်။ အခုဆရာတော် ပလ္လင်ပေါ်မတက်တော့ဘူးဆိုတော့ အခြေအနေက ဘယ်လိုလဲ¿။ ဇရာမရဏဆိုတဲ့ ခရီးဆုံးသို့ နေ့မနားညမနား ခုတ်မောင်းလာလိုက်တဲ့ ခန္ဓာကိုယ်ရထားကြီးမှာ ရှစ်ဆယ့်တစ်ခုမြောက်သော ဘူတာကိုဝင်ဖို့ နောက်ထပ်(၆)ရက်ခန့်သာ။
ဒီထက်ကြာကြာဆက်မတွေးနိုင်ပါ။ နိဗ္ဗာန်ဆော်ကြီးမှ လူခေါ်မောင်း သုံးချက် ခေါက်လိုက်ပါသည်။ ကိုယ်စားဟောကြားပေးမည့် ဓမ္မကထိကဆရာတော်ရဲ့ ရုပ်သံများဖမ်းယူဖို့ (၁၅)မိနစ်အချိန်တွင်း အပြီးပြောင်းလဲတပ်ဆင်ရပါတော့မည်။
ပြာသိုလစခန်းပွဲကြီးကား အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီ။ ဆရာတော်ဘုရားကြီး တရားဟောနိုင်နိုးနိုးနှင့် စောင့်စားခဲ့ကြသော ယောဂီများလည်း အထုပ်ကိုယ်စီပိုက်ကာ နေရပ်ဌာနီသို့ ပြန်ကြရပေတော့မည်။
ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ထိုတရားစခန်းအပြီးမှာဘဲ မန္တလေးမြို့ ''တော်ဝင်'' အထူးကုဆေးတိုက်သို့ ကြွရောက်သီတင်းသုံး၍ ဆေးကုသမှုခံယူ စမ်းသပ်ခဲ့ရာ အခြေအနေမှာ သိပ်မကောင်းလှပေ။ အကြီးအကဲ ဆရာတော်များရဲ့ပြောကြားချက်အရ ဆရာတော်ကြီးရဲ့ ရောဂါမှာ အသဲကင်ဆာဖြစ်သည်။ သို့သော် ရောဂါနုသေးသည့်အတွက် ပြည်ပသို့ သွားရောက်ကုသလျင် ပျောက်ကင်းနိုင်သေးကြောင်း ပြောပြရာ ဦးပဉ္စင်းအပါအ၀င် တပည့်ဒကာတွေအားလုံး ထိုကဲ့သို့ပင် ယုံကြည်ခဲ့ကြပေသည်။
ထို့နောက် ဆရာတော်ဘုရားကြီးအား ထိုင်းနိုင်ငံသို့ သွားရောက်ကုသရန် ဆုံးဖြတ်လိုက်ကြပြီး ဆရာတော်ဦးသုန်နှင့် ဒကာအချို့ လိုက်ပါပြီး ထိုင်းနိုင်ငံ ဘာမွန်ဂရက် နိုင်ငံတကာဆေးရုံသို့ သွားရောက်ကုသခဲ့ပါသည်။
တပို့တွဲလ တရားစခန်းအတွင်းမှာလည်း ဆရာတော်ဘုရားကြီး ဆေးစစ်မှုပြီးစီး၍ ဘာရောဂါမှ မရှိကြောင်း၊ ဘုရားဖူးလှည့်လည်ပြီး ပြန်ကြွလာမည်ဖြစ်ကြောင်း ဆရာတော်ဦးသုန်ရဲ့ ဖုန်းဆက်ပြောကြားမှုနှင့် ယောဂီများကို အသိပေးထားခဲ့ပါသည်။
တနေ့မှာတော့ ဥက္ကဋ္ဌဦးထွန်းလွင်က ''ဦးပဉ္စင်း ဦးကောဘယ်ကြွလဲဘုရား ဦးသုန်ဆီက ဖုန်းလာတယ်''
ဦးကောကိုမတွေ့တာနဲ့ ဦးပဉ္စင်းဖုန်းသွားကိုင်လိုက်ပါတယ်။
''တပည့်တော် မဏ္ဍလပါဘုရား ဦးကောမတွေ့လို့ တပည့်တော် လာခဲ့တာပါ''
''အေး -- အကြောင်းထူးတော့မရှိပါဘူးကွာ ဦးကောက နေ့တိုင်းဆက်ပေးပါဆိုလို့ ဆက်လိုက်တာ- အားလုံးကောင်းတယ် စိတ်မပူနဲ့ ကြားလား။ ဒီနေ့အူမကြီးစစ်တယ်- ညနေမှ အဖြေထွက်မယ်၊ ဦးကောကိုလည်း အဲဒီအတိုင်း လျောက်လိုက်ကွာ နော်''။
သို့သော် ဆရာတော်ဦးသုန်က စကားအဆုံးမသတ်သေးဘဲ ''စိတ်မပူနဲ့နော်- ငါပွင့်ပွင့်လင်းလင်းပြောတာ၊ မင်းနဲ့ဦးကောကို ဘာမှဖုံးကွယ်ထားစရာမရှိဘူး၊ ငါပြောတာယုံ ကြားရဲ့လား'' တဲ့။
ဒီစကားက ဘာအဓိပ္ပါယ်လဲ။ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်သွားသည်။
စကားပြောနေဆဲမှာဘဲ ဦးကောရောက်လာပြီး သူတို့ချင်းဆက်ပြောကြပါတယ်။ အဲဒီနေ့ညနေမှစပြီး ဦးပဉ္စင်းဦးကောမျက်နှာ မကြည်လင်သလို ထင်မိပါသည်။

Pages:    1> 2> 3> 4>