၁၃၆၈-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၆)ရက်။
ဆရာမကြီး ဒေါ်ယုဝေ ဦးပဉ္စင်းအနားရောက်လာပါသည်။
''ဦးပဉ္စင်းဘုရား တိုင်ရင်းဆေးဆရာကို ခေါ်မယ်လို့ကြားတယ်။ တပည့်တော်တို့ဆေးတွေ နားလိုက်တော့မယ်ဘုရား။ ဆေးတွေရောကုန်ပြီး ဆရာတော်ဘုရားကြီး ပိုခံစားနေရလိမ့်မယ်။ တိုင်းရင်းဆေးဆရာခေါ်တာကိုလည်း တပည့်တော်အပြစ်မဆိုပါဘူး။ နောက်ဆုံးအချိန်မှာ ကောက်ရိုးတမျင်ပဲဖြစ်ဖြစ် လှန်းဆွဲချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ ဒီအခြေအနေ ရောက်မှတော့ သက်သာရုံကလွဲလို့ ဘယ်ဆေးနဲ့မှ ပျောက်ကင်းနိုင်မှာ မဟုတ်တော့ဘူး။''
''ဦးပဉ္စင်းလည်း သဘောပေါက်ပါတယ် သူတို့စိတ်ချမ်းသာအောင်တော့ ကုပါစေဒကာမကြီးရယ်။ ဒါပေမဲ့ ဆရာတော်ကိုတော့ ပစ်မထားကြပါနဲ့''။
''ပစ်တော့မထားပါဘူးဘုရား။ ဒါပေမဲ့ တပည့်တော်တို့ရှိနေရင် အကုရခက်နေလိမ့်မယ်၊ ခဏရှောင်နေရင်းနဲ့ ပြန်လိုက်တာကောင်းပါတယ်။ အရေးကြီးရင် တပည့်တော်ကို ဖုန်းဆက်လိုက်ပါ။ နှာခေါင်းပိုက်ဖြုတ်မယ်ဆိုရင်တော့ လက်မခံပါနှင့်။ ဆေးနဲ့အစာဝင်ဖို့က ဒီတစ်လမ်းဘဲရှိတော့တယ် ဘုရား''။
ပြောပြောဆိုဆို ဒေါ်ယုဝေ၊ ဆရာမဒေါ်သန်းသန်းအေးနှင့် အကူဆရာမလေးတို့ ပြန်သွားကြပါပြီ။
မနက်(၉)နာရီအချိန်လောက်မှာ တိုင်းရင်းဆေးဆရာရောက်လာလို့ ဆရာတော်ဘုရားကြီးကို အကျိုးအကြောင်းလျောက်ထားတော့ -
''တော်ပြီ။ မင်းတို့ဘာမှလုပ်မနေကြနဲ့၊ မကုတော့ဘူး ပြန်ပို့လိုက်တော့''။
အကြီးအကဲဆရာတော်များ၊ ဂေါပကလူကြီးမင်းများနှင့် တိုင်းရင်းဆရာတို့ အောက်ထပ်မှာ တိုင်ပင်ဆွေးနွေးနေကြဆဲမှာ ဆရာတော်ဘုရားကြီးက-
''ငါ့ကို ထူပေးကြစမ်း'' တဲ့။
ဦးပဉ္စင်းလက်နှင့် မçချီပြီး နောက်ကျောမှထိမ်းကာ ထိုင်ပေးထားစဉ် ရှိစုမဲ့စုအားအင်များကို စုစည်းကာ အားလုံးရဲ့မျက်နှာကိုကြည့်ပြီး-
''မင်းတို့တွေ အတော်ပိန်း အတော်အတယ်ကွာ။
သူများပြောတိုင်း လိုက်လုပ်တဲ့ကောင်တွေ။
ငါ့အလုပ်ကို ငါကောင်းကောင်းမလုပ်ရဘူး။
မင်းတို့အားလုံးကြည်ညိုတာကို ငါသိတယ်။
ငါ့လျာတွေကွဲပြီး အာခေါင်တွေပေါက်နေလို့ ရေတောင်ကောင်းကောင်း မမျိုနိုင်တော့ဘူး။ ဒါပေမဲ့ မင်းတို့စေတနာတွေကိုငဲ့လို့ ကပ်သမျတွေ ဘုန်းပေးပြီး ကြိတ်မှိတ်မျိုနေရတယ်။ မင်းတို့စေတနာရှိတိုင်း လိုက်လျောရတာနဲ့ ငါလည်းသေတော့မယ်။ ငါ့ကိုမနှောင့်ယှက်ကြပါနဲ့တော့ကွာ။ မင်းတို့လည်း အပြစ်ကြီးလိမ့်မယ်။ ငါ့အလုပ်ကိုဘဲ အေးအေးဆေးဆေး လုပ်ပါရစေတော့''။
ထိုစကားများသည် ဆရာတော်ဘုရားကြီး၏ ဘ၀တစ်သက်တာအတွက် နောက်ဆုံးပြောဆိုခဲ့သော စကားများဖြစ်ပေသည်။ ထို့နောက်တွင်တော့ တစ်ခွန်းတစ်ပါဒမျ နှုတ်ဖြင့်မပြောဆိုခဲ့တော့ပါ။
နေ့လည်(၁)နာရီအချိန်လောက်မှစပြီး ဆရာတော်ဘုရားကြီး၏ဝေဒနာ ပြင်းထန်လာပါသည်။ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် နှုတ်မှ ညည်းညူလာရသည် အထိ ဖြစ်လာပါချေပြီ။ အနားမှာရှိသူများကလည်း ဘာမှမတတ်နိုင်။ ဒေါ်ယုဝေထံ ဖုန်းခေါ်ရတော့သည်။ သုံးကြိမ်လောက်ခေါ်မှ ဖုန်းရတော့ ပြင်ဦးလွင်သို့ တက်မည့်ဆဲဆဲ။ ကျောင်းပြန်လာဖို့ မေတ္တာရပ်ခံရပါသည်။ ညနေပိုင်းမှာရောက်လာပြီး ဆေးတစ်လုံးထိုးလိုက်မှ နေသာထိုင်သာပြန်ဖြစ်သွားပါသည်။
ထိုနေ့ညက တစ်ညလုံးခန္ဓာကိုယ်မလှုပ်ရှားတော့ပေမယ့် အသက်ရှူလိုက်တိုင်း လည်ချောင်းမှ ချွဲသံများက အပေါ်ထပ်အောက်ထပ် အတိုင်းသားကြားနေရသည်။ ထိုင်ကြည့်နေကြရုံမှအပ ဘာမှမတတ်နိုင်ကြပါ။
ချွဲစုပ်စက်ဖြင့် နှစ်ခါလောက်စုပ်ကြည့်သည်။ ခဏတာသက်သာပြီး ပြန်ဖြစ်ပြန်သည်။ ပင်ပန်းလွန်း၍ နောက်ထပ်ဆက်မလုပ်ရက်တော့။
မနက်(၇)နာရီလောက်မှာတော့ ထူးခြားစွာ ထိုချွဲသံများ လုံးဝပျောက်ကင်းသွားပြီး မျက်နှာတော်မှာလည်း တဖြည်းဖြည်းနှင့် ကြည်လင်လာသယောင် ထင်ရပေသည်။
အားလုံးသောပရိတ်သတ်တို့သည်လည်း ဆရာတော်ဘုရားကြီးကို အာရုံစိုက်နေကြသဖြင့် အသက်ရှူသံပင်မကြားရ။ နာရီသံက တစ်ချက်ချက်နှင့် ခုနှစ်နာရီခွဲတော့မည်။ ဆရာတော်ဘုရားကြီး၏ အသက်ရှူသံသည် ပုံမှန်ထက်အနည်းငယ် နှေးသည်မှတပါး ထူးခြားမှုမရှိပါ။
ခဏအကြာတွင် ဖြေးဖြေးချင်းအသက်ရှူနေရာမှ ငြိမ်သက်သွားသည်။
အားလုံးက ဆရာမကြီးထံလှန်းကြည့်လိုက်ကြသည်။
ဆရာမကြီးက နားကြပ်ဖြင့် စမ်းသပ်ကြည့်မည်ပြုစဉ် အသက်ရှူလာပြန်ရာ အားလုံးပြန်ထိုင်ကြပြန်သည်။
(၇)နာရီ၊ မိနစ်(၃၀)အချိန်တွင် နောက်တစ်ကြိမ် ငြိမ်သက်သွားပြန်သည်။
ဆရာမဒေါ်သန်းသန်းအေးမှ ဂွမ်းစကလေးအနည်းငယ်ကို နှာခေါင်းနား ကပ်ကြည့်သည်။ မလှုပ်။
ဒေါက်တာဒေါ်ယုဝေမှ နားကြပ်ဖြင့်လိုက်စမ်းကြည့်သည်။
ထို့နောက် ဓာတ်မီးယူပြီးမျက်လုံးကို ထိုးကြည့်သည်။
အားလုံးကိုလှန်းကြည့်ပြီး ခေါင်းခါပြလိုက်တော့သည်။
ပရိတ်သတ်အားလုံး တညီတညွတ်တည်း လက်အုပ်ချီကာ ဦးချကန်တော့လိုက် ကြပါတော့သည်။

အားလုံးတို့၏ရင်ထဲမှ ရွှေတောင်ကြီးကား အစိတ်စိတ်ပြိုကျ ကြေမွခဲ့လေပြီ။
လောကဓာတ်ကြီးတစ်ခုလုံးကို အလင်းရောင်ပေးစွမ်းနိုင်သော နေမင်းကြီးသည်ကား ငုပ်လျိုးကွယ်ပျောက်ခဲ့ပါလေပြီ။

တပည့်များစွာ တောင်းပန်ရှာလည်း
ပြန်ကာတစ်လှည့် စောင်းမငဲ့ဘဲ
သွားမြဲလမ်းဆီ ရှေ့ရှုချီလျက်
မသက်မညှာ ထွက်ခွါချေပြီ။

ဤသို့အတင်း ခွဲခွါခြင်းကား
ခံပြင်းစိတ်ကောက် အမျက်မှောက်၍
မထောက်မထား ပစ်သွားသည်မှာ
မဟုတ်ရှာဘူး။
တပည့်အများ ရင်ဝယ်သားသို့
သနားညှာတာ ဒို့ဆရာကား
ခန္ဓာအစု အရင်းပြု၍
အိုမှုဇရာ တစ်ဖြာနာခြင်း
သေမင်းသဘော ပြောလို၍သာ
သွားခဲ့ရှာ၏။
ထို့ကြောင့်များစွာ ဒို့သူငါတို့
ဆရာညွှန်ပြ ထိုဒုက္ခမှ
မုချလွတ်အောင် ကျင့်ဆောင်မှသာ
မြတ်ဆရာ၏ ကိုယ်ခန္ဓာစု
အရင်းပြုကျိုး အဖိုးထိုက်လိမ့်။

အရှင်မဏ္ဍလ

လောကလူသားအားလုံးတို့အတွက်
နက်ဖြန်နံနက်မိုးသောက်ချိန် နေမင်းကြီးဆက်ဆက်ထွက်ပေါ်လာပါစေ။်
အရှင်မဏ္ဍလ
၁၃၆၉-ခုနှစ်၊တပေါင်းလပြည့်ကျော်(၅)ရက်

Pages:    1> 2> 3> 4>